သွေးကြောထုံးခြင်း အန္တရာယ်
ခန္ဓာကိုယ်မှာ အထူးသဖြင့် ခြေထောက်နဲ့ ပေါင်မှာ အပြာရောင်၊ ခရမ်းရောင် သွေးကြောမျှင်အစုတွေနဲ့ သွေးကြောထုံးတွေကို မြင်ဘူးကြမှာပါ။
ဒီသွေးကြောထုံးတွေက ကြည့်ရတာဆိုးသလို တခါတရံမှာ နာကျင်တာ၊ ထုံတာ ၊ ပူတာနဲ့ လှုပ်ရှားရတာ လေးလံတာတွေ ခံစားရတတ်ပါတယ်။ ဒီလို သွေးကြောထုံးခြင်းရဲ့ နောက်ဆက်တွဲအဖြစ် သွေးခဲတာနဲ့ သွေးယိုတာအထိလဲ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
သွေးကြောထုံးခြင်းဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ သွေးတွေ ကောင်းမွန်စွာ လည်ပတ်သွားလာနိုင်ခြင်း မရှိလို့ပါ။ အထူးသဖြင့် သွေးပြန်ကြောတွေက ခန္ဓာကိုယ်အနှံ့က သွေးတွေကို နှလုံးကို ပြန်ပို့ပေးပြီး နှလုံးက ပြန်ညစ်ထုတ်ပေးပါတယ်။
ဒီလို သွေးတွေ အလွယ်တကူ ပြန်သွားနိုင်ဖို့ဆိုရင် အဆို့ရှင်တွေ ကောင်းကောင်း အလုပ်လုပ်နေဖို့ လိုပါတယ်။
တခါတရံမှာ အဆို့ရှင်လေးတွေ ပျက်စီးတာ၊ သွေးစီးဆင်းရမယ့် လမ်းကြောင်း ပိတ်နေတာမျိုးကြောင့် သွေးပြန်ကြောထဲမှာ သွေးတွေ အိုင်နေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ Varicose Vein လို့ခေါ်တဲ့ သွေးကြောထုံးခြင်း ဖြစ်လာရတာပါ။
အထူးသဖြင့် အဝလွန်သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက်ကြီးတဲ့သူတွေနဲ့ မျိုးရိုးထဲမှာ သွေးကြောထုံးပြဿနာခံစားဘူးသူတွေမှာ သွေးကြောထုံးခြင်း ပိုအဖြစ်များပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သွေးကြောထုံးခြင်း ပိုဖြစ်နိုင်ပြီး ဒါဟာ ဟော်မုန်းပြောင်းလဲမှုနဲ့ သန္ဓေတားနည်းလမ်းတွေကြောင့်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ အချိန်အကြာကြီး မတ်တပ်ရပ်ရတဲ့သူတွေ… အထိုင်များတဲ့သူတွေမှာလဲ သွေးကြောထုံးတာ ပိုတွေ့ရတတ်ပါတယ်။
ဒါဆိုရင် သွေးကြောထုံးတာကို ဘယ်လိုကာကွယ်မလဲ?
သွေးလည်ပတ်မှုကောင်းစေဖို့ အရေးကြီးတာကြောင့် ပုံမှန်လှုပ်ရှားမှုလေးလုပ်ပေးတာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။
အချိန်ကြာကြာ ထိုင်တာ၊ မတ်တပ်ရပ်တာရှိရင်လဲ အနေအထားကို မကြာခဏ ပြောင်းသင့်ပါတယ်။
ဒါ့အပြင် ဒေါက်ဖိနပ် အမြင့်စီးတာတွေကိုလဲ တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။
အဝလွန်သူတွေမှာ သွေးကြောထုံးခြင်းနဲ့ သွေးခဲခြင်း ပိုအဖြစ်များတာကြောင့် သင့်တော်တဲ့ ကိုယ်အလေးချိန် ထိန်းဖို့လဲ အရေးကြီးပါတယ်။
သွေးကြောထုံးခြင်းက လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် တခါတရံ ကုသဖို့ မလိုအပ်တာလဲ ရှိနိုင်သလို တချို့မှာတော့ ဆရာဝန် ညွှန်ကြားချက်အရ လိုအပ်တဲ့ ဆေးကုသမှုတွေ ခံယူရတာလဲ ရှိနိုင်ပါတယ်။
ဒါဟာ အရေးကြီးပြီး လူတိုင်း သိထားသင့်တဲ့ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်တာကြောင့် ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)